ကျောက်ပန်းတောင်း အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို၊ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေ ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေအေးက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး သင်တန်းကို ဆက်လက် ပြုလုပ်ရာ ဦးစွာမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဦးက မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းဆောင်ရွက်မှုအခြေအနေဖြစ်စေရန် ဆွေးနွေးတင်ပြပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဝမ်းတင်က မဲရုံလုပ်ငန်း ဆိုင်ရာ များကို ရှင်လင်းပို့ချခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေအေးနှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် အဖြစ်တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား ဆရာ/ဆရာမ(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)