မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ကျိုင်းတုံ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုဝင်ဘာ ၂၈ ရက်က ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာပ်စုမှ ဒေသခံပြည်သူသက်ကြီးရွယ်အိုများအား ဆီးချို၊ သွေးချို၊ သွေးတိုး စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုပေးခြင်း၊ အသက်ငါးနှစ်အောက်ကလေးများကို အာဟာရဖွံ့ဖြိုးမှုတိုင်းတာခြင်း၊ တစ်နှစ်အောက်ကလေး ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေပေးခြင်းနှင့် ယန်းခကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် မျက်စိအမြင်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)