ကျိုင်းတုံ နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ၊ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့က ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်အား ရွတ်ဆိုကြသည်။ ထို့နောက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများက တေးသရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်(၂) ဦးမင်းညိုက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဖွင့်ပွဲစဉ်အဖြစ် Lahu United-FC အသင်းနှင့် The Best Friend-FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Lahu United-FC အသင်းက နှစ် ဂိုး တစ် ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကလပ်ပေါင်းစုံမှ ဘောလုံးအသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)