ကျိုင်းတုံမြို့နယ်၌ ယာယီမဲရုံတည်ဆောက်မည့်နေရာများသို့ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ အောက်တိုဘာ ၂၄

၂၀၂၀ပြည့်နှစ်၊ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကျိုင်းတုံမြို့နယ်အတွင်း ယာယီမဲရုံတည်ဆောက်မည့် နေရာများသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြေင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာလတွင် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ လုပ်ငန်းအဆင်ပြေ စေရေးအတွက် ယာယီမဲရုံ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုင်းတုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ(၁၉)အုပ်စုတွင် ယာယီမဲရုံ စုစုပေါင်း(၂၆)ရုံဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျိုင်းတုံမြို့ နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (၃၈)အုပ်စုတွင် မဲရုံစုစုပေါင်း (၁၂၀)ရုံရှိကြောင်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၂၆၈၉၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)