စစ်တွေ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှာရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်အဖြစ် ဆန်စပါး အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ ရေထွက်ကုန်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ ရိုးရာရက်ကန်းလုပ်ငန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း အစည်းအဝေး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနများက ရှင်းလင်းတင်ပြပေးကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသတွင်း ရရှိနိုင်သည့် ကုန်ကြမ်းများကို အသုံးပြုကာ တီထွင်ဆန်းသစ်မှုနှင့်အတူ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုး ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်း အမြစ်စသည့် အချက်လေးချက်ဖြင့် ပြည့်စုံစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းအတွက် ဒေသထွက်ကုန်များအား ဦးစားပေး အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အရင်းအနှီးချေးငွေများအတွက် စိစစ်ထောက်ခံပေးခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပို့ချပေးခြင်းတို့ကိုလည်း သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းစီးပွားရေးကို အားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပပို့ကုန်အထောက်အကူရစေရေး ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် MSME လုပ်ငန်းများ အရင်းအနှီး ရရှိရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ဆက်လက်ထုတ်ချေးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီတွင် ပါဝင်သော ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍ၊ ပါဝင်ပံ့ပိုး ကူညီပေးရမည့် လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် MSME Agency ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းရှင်များ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခိုင်သဇင်ခန်းမ၌ ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး ထိုးရန် ရောက်ရှိလာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကြပြီး ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ရာသီတုတ်ကွေး ရောဂါကာကွယ်ဆေးကို အသက်(၄၀)နှစ်နှင့်အထက် ပြည်နယ်အဆင့်ဝန်ထမ်း ၁၄၀၀ ဦးအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ရာသီတုတ်ကွေးရောဂါ ကာကွယ်ဆေး Influenza Vaccine(Vaxigrip Tetra) ထိုးနှံပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)