ချောင်းဆုံ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်အတွင်းရှိ လူစည်ကားရာ ပွဲဈေးတန်းအရောင်းဆိုင်များနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် ခေတ်ပေါ်ပလတ်စတစ်အရုပ်များနှင့်အပြိုင် ရောင်းတန်းလှနေဆဲဖြစ်သည့် ရောင်စုံစက္ကူအရုပ်များကို ပွင့်လင်းရာသီဘုရားပွဲတော်များနှင့် ဇာတ်ပွဲသဘင်များစည်ကားလာ၍ ဈေးကွက်ရရှိနေကြောင်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ ရောင်စုံစက္ကူအရုပ်လုပ်ငန်း လုပ်ကိုင်နေသူထံမှ သိရသည်။
အိမ်တွင်းလက်မှုပညာဖြစ်သည့် ရောင်စုံစက္ကူအရုပ်လုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် စွန့်ပစ်စက္ကူအဟောင်းများနှင့် မိမိတတ်မြောက်ထားသည့် ပန်းချီပညာဖြင့်ပေါင်းစပ်ကာ စတင်လုပ်ကိုင်ခဲ့ရာမှ ဈေးကွက်ရသည့်အတွက် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် နှစ်ပေါင်း(၄၀)ကျော် ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း ရွာလွတ်ကျေးရွာမှ ဦးသက်ဝေကပြောသည်။
မွန်ပြည်နယ်အတွင်း အဓိကရောင်းချရတာဖြစ်သည့်အတွက် အရုပ်ခိုင်မာလှပမှုရှိအောင် အဓိကထား ပြုလုပ်ထားကြောင်း ၊ စက္ကူအရုပ်များကို မန္တလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် ရောင်းချသည့်အရုပ်များကို ခေါင်းလှုပ်၊ ခြေလှုပ်လို့ရအောင်ပြုလုပ်ကာ အဝတ်များဖြင့် တန်ဆာဆင်ထားသည့်အတွက် မွန်တိုင်းရင်းသား ဒေသအယူအဆအရ ရိုးရာနတ်ရုပ်နှင့် ပုံစံတူခြင်းကြောင့် ဝယ်ယူခြင်းမရှိကြောင်း သိရသည်။
ဈေးကွက်အတွင်းက ပလတ်စတစ်အရုပ်များနှင့်တန်းတူရောင်းချနိုင်ရန် ကလေးများအကြိုက် သဘာဝကျကျ တိရစ္ဆာန်အကောင်ပုံအတိုင်းဖြစ်အောင် ပြုလုပ်ထားပြီး စက္ကူအရုပ်များကို နမူနာယူ၍ အခြားအရာဝတ္တုများကိုလည်း ကလေးငယ်များ ပုံဖော်နိုင်မည်ဖြစ်ကြောင်း မိမိတို့၏ ကလေးငယ်များ နိုင်ငံခြားပစ္စည်းများကို အထင်မကြီးစေရန်နှင့် မြန်မာမှု မြန်မာ့ဟန် အရုပ်များကို ဆော့ကစား၍ မျိုးချစ်စိတ်ဓါတ်များကိန်းဝပ်စေရန် စက္ကူအရုပ်များကို မိဘအုပ်ထိန်းသူများမှလည်း မှာယူလျက်ရှိသည်။
အဆိုပါ ရောင်စုံစက္ကူအရုပ်လုပ်ငန်းကို အိုးမကွာအိမ်မကွာ အရင်းအနှီးနည်းနည်းနှင့် မိသားစုဝင်ငွေရရှိအောင် လုပ်ကိုင်နိုင်ပြီး လုပ်ငန်းတိမ်ကောသွားရန်မရှိကြောင်း လေ့လာသင်ယူ လိုသူများရှိပါက သင်ကြားပေသွားမည်ဖြစ်ကြောင်း သိရသည်။
သူဇာ(ပြန်/ဆက်)