ပင်လောင်းမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ပင်လောင်း နိုဝင်ဘာ ၂၉

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေပြီး အသိပညာ၊အတတ်ပညာနှင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး အချင်းချင်းရင်းနှီးချစ်ခင်မှုရှိပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ ကျောင်းသူများ​ဖြစ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးလီကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးငွေဇော်နှင့် အထကဝါးလီ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဇာဝင်းတို့က အမှာစကားပြောကြားကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှ်ိ ဦးထွန်းလင်းက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦး​ငွေဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်း၊ အထက(ခွဲ)မှကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဇာဝင်းတို့က ညှိနှိုင်းရေးမှူး (Moderator)များအဖြစ်ဆောင်ရွက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပြောကြားသူများဖြစ်သည့် (Grade-9)မှ မသဲစုစုနိုင်က ”လူငယ်နှင့်စာအုပ်​စာပေ”၊ (Grade-10)မှ ခွန်ခိုင်ထူးက ”လူငယ်နှင့်အားကစား”၊ (Grade-10)မှ မူသီတာစိုးက ”လူငယ်နှင့်စည်းကမ်း”၊ (Grade-11)မှ ခွန်​အောင်ကြိုင်က ”လူငယ်နှင့်နိုင်ငံ”၊ (Grade-11)မှ မူအေးချမ်းမွန်က ”လူငယ်နှင့်ကိုယ်ကျင့်တရား”၊ (Grade-9)မှ မောင်လင်းထက်နိုင်က”လူငယ်နှင့်တာဝန်” ခေါင်းစဉ်အသီးသီးဖြင့် စကားဝိုင်းအား ဦးဆောင်ဆွေးနွေး ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် စကားဝိုင်းဆွေးချက်များကို မေးမြန်ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများက လူငယ်စကားဝိုင်းအား ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး၊ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)