မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်က မိုင်းကာကျေးရွာအုပ်စု၊ ပါခါးလုံကျေးရွာရှိ‌ သူကြီးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုး ဦး‌ဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းတို့က  ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့်မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊ ‌အသက်(၁၀)နှစ်အထက်ရှိသူများအား အီလက်ထရောနစ်စနစ်ဖြင့် ဇီဝအချက်အလက်ကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများ ပိုးကျပါက‌ ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်‌မွေးမြူရာတွင် ရောဂါကူးစက်မှုမှကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊ ‌တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ လားဟူဘာသာတို့ဖြင့် အသိပညာ‌ပေး ဆွေးနွေး‌ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော မိုင်းကာကျေးရွာအုပ်စု၊ ပါခါးလုံကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးပြီး မြို့နယ်ပြန်/ဆက်မှ လူကုန်ကူးမှုအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာ‌ပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)