မိုင်းဆတ် နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV (Gender- Based Violence Campaign) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူနှစ်ခြင်းနယ်အသင်းတော်များအဖွဲ့ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မာလ်တေဆာအဖွဲ့၊ မန်နေဂျာ ဒေါက်တာသက်စုအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး GBV(Gender-Based Violence Campaign)နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာကြည်က “အကြမ်းဖက်မှုသည် လူတစ်ဦးတစ်ယောက်၏ ဘဝဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေးစေရန် ပြုမှုသည့် အရာမှန်သမျှကို အကြမ်းဖက်မှုဟု ခေါ်ဆိုကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်ကြောင်း၊ အမျိုးသမီးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူမှုစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုနှင့် ဆက်သွယ်ရေး၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေလာပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ မိမိတို့ မြင်တွေ့ရသည့် အကြောင်းအရာများနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာကြည်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)