ကလောမြို့၌ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ကလော နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၁၈) ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ၈ နာရီက ကလောမြို့ မောမြေဦးပန်းခြံ၊ မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် မြို့မိမြို့ဖ ဦးစိုးမင်းတို့က (၁၈)ကြိမ်မြောက် ကလောမြို့ ရိုးရာမီးကြာစံနှင့် မီးရှော်တိုင် ထွန်းညှိ ပူဇော်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မီးပုံးပျံကြီးနှင့် မီးပုံပျံအငယ် (၂၀၀) လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များမှ" ကလောမြို့မှ ဖိတ်ခေါ်သံ" သီချင်းဖြင့်ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင် မီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်ခဲ့ရာ ရပ်ကွက် (၃)  Sky Light မီးရှော်တိုင်၊ရပ်ကွက် (၈) ဘုံစု (ယံကြွား) မီးရှော်တိုင်နှင့် ရပ်ကွက် (၇) မြို့မမီးတို့ယှဉ် ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ကလောမြို့ပေါ်ရှိ ရပ်ကွက် (၁၁) ရပ်ကွက်မှ ပြိုင်ပွဲဝင် မီးရှော်တိုင် (၁၁) တိုင်ကို ၂၈-၁၁-၂၀၂၃ ရက်နေ့မှ ၁-၁၂-၂၀၂၃ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)