စဉ့်ကိုင် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာဖတ်ရှိန် မြှင့်တင်ရေးအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့် ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင် ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကသဲစုအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူလေးများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော အသိပညာ ဗဟုသုတ စုံလင်သော သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)