ဗိုလ်တထောင် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀း၀၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သီရိမာလာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမဒေါ်တင်တင်ဝေတို့ကဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် မလွင်ဖြူစင်သန့်ကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် မခိုင်ဝတ်မှုံဦးကလည်းကောင်း၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် မဟန်နီရွှေစင်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် မလင်းလက်ရွှေရည်သန့်ကလည်းကောင်း လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် မမီမီဇော်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဥ်ဖြင့် မနန္ဒာကျော်ဝင်းကလည်းကောင်း ကျောင်းသူ(၆)ဦးတို့က ခေါင်းစဉ်ပါအကြောင်းအရာများကိုဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်စည်သူ၊ ဒုမြို့နယ်ပညာရေးမှူးဦးနိုင်လင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ဝေ၊ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိဦးဟိန်းထက်အောင်၊ စာရေးဆရာမမေမြတ်စန္ဒာတို့က အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး ဗိုလ်တထောင်မြို့နယ် ဒု/မြို့နယ်ပညာရေးမှူးဦးနိုင်လင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများကျောင်းသူများ၊ စုစုပေါင်း(၂၁၉)ဦးခန့်တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေးအတွက် အမျိုးသမီးများသိသင့်သော ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)