မလှိုင်မြို့နယ်သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့် စေတီတော်ကြီး၏  တန်ဆောင်တိုင်ဆွမ်းတော်ကြီးကပ်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မလှိုင်  နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာတွင်  နှစ်စဉ်ကျင်းပပြုလုပ်သော သမိုင်းဝင် ပန်းအိုင်ရွှေမုဋ္ဌောဆုတောင်းပြည့်စေတီတော်ကြီး၏ တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲကို တန်ဆောင်မုန်း လဆန်း ၁၃ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲတွင် ပန်းအိုင်ကျေးရွာအုပ်စုတွင်းရှိ ရွာမ (၇)ရပ်ကွက်နှင့် အရံရွာ (၄)ရွာ တို့မှ ဒေသခံပြည်သူများသည် တန်ဆောင်မုန်းလဆန်း၁၃ ရက်နေ့မှစတင်၍  သစ်သီး၊ မုန့် စသည့် ဘောဇဉ်များ၊  ကြက်ကြော်၊ ငါးကြော် စသည့် ဆွမ်းဟင်းများနှင့် ရွှေဘိုး အလှူငွေများကို ရပ်ကွက် အလိုက် အလှည့်ကျလာရောက်လှူဒါန်းလေ့ရှိပြီး ဂေါပကအဖွဲ့မှ စနစ်တကျ လက်ခံပြီး ဘုရားကြီး၏ ဩဝါဒါ စရိယဆရာတော်ထံမှ လှူဒါန်းမှူအစုစုတွက်ရေစက်ချ သီလပေး  တရားနာယူကာအမျှ အတန်းများ ပေးဝေခဲ့ကြသည်။   အဆိုပါ လာရောက်လှူဒါန်းသည့် ဘောဇဉ်များကို  နံနက် အာရုံတက်ချိန်တွင် ဘုရားကြီးအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထိုသို့ကျင်းပရာတွင်  တန်ဆောင်မုန်းလဆန်း ၁၄/၁၅ ရက် ညနေပိုင်း၌ အထူးစည်ကားပြီး ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အတီးအမှုတ် အဆို၊ အကများ၊ ယိမ်းအကများ၊ တေးသရုပ်ဖေါ်များဖြင့် အပြိုင်အဆိုင်စည်ကားသိုက်မြိုက်စွာ လာရောက်လှူဒါန်းလေ့ရှိကြပြီး မိမိတို့ကျေးရွာအုပ်စုအတွင်းရှိ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့်အတွက်  တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲကို အစဉ်အလာ မပျက် ရပ်ကွက်၊ ကျေး ရွာများက စုပေါင်း၍ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)