စဥ့်ကိုင် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားတွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်)နေ့ ယမန်နေ့နံနက်ပိုင်းက ဘုရားဖူးပြည်သူများဖြင့် ထူးစည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်) နေ့သည် အများပြည်သူအလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများသည် စဥ်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီး ဘုရားများဖြစ်သော ရတနာလာဘမုနိဆုတောင်းပြည့်မြွေဘုရား၊ ပေါ်တော်မူမြတ်စွာဘုရား၊ အဓိဌာန်အောင် ကံကြီးမ မြတ်စွာဘုရားများတွင် မိမိတို့၏ မိသားစုစီးပွားရေး၊ လူမှုရေး၊ ပညာရေးများကို အဓိဌာန်ပြု၍ ဆုတောင်းခြင်းများ၊ အဓိဌာန်အောင်၍ အောင်ကန်တော့ပွဲလာရောက်ကန်တော့သူများ၊ ဘုရားဖူးပြည်သူများအား စတုဒီသာ ကုသိုလ်ပြုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ထို့အတူ ရပ်ကွက်ကျေးရွာအတွင်းရှိ စာသင်တိုက်များ၊ ရပ်ကွက်ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ ရပ်ကွက်အလိုက်ဓမ္မာရုံများတွင် ဧည့်ခံကျွေးမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးဘိုး/ဘွားမိဘများ၊ ဒေသခံပြည်သူများသည် တန်ဆောင်မုန်းလပြည့်နေ့ကာလ အခါသမယတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ်ပွားများခြင်းဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)