ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ လုပ်သားကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ရုံးဦးစီးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဖိုးဋ္ဌေးမှ အဖွင့်အမှာစကားပြောကြားရာတွင် “အလုပ်သမားဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု ”စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ကို ဖွဲ့စည်းထားရှိပြီး ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း များကို ရန်ကင်း၊ မြောက်ဒဂုံ ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံ၊ ပဲခူးတို့တွင် တည်ထောင်ထားကြောင်း၊ သင်တန်းကျောင်းများတွင် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အထည်ချုပ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)တွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် အထည်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းနှင့် NSSA ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် ဝင်ရောက် စစ်ဆေးအကဲဖြတ်ခံပြီး နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရယူကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်အလုပ်သမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာ (၂)ဦးဖြင့် သင်တန်းသား (၂၅)ဦးအား နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ လေးပတ်ကြာ ဖွင့်လှစ်ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ