ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် စကားအတိုင်း နိုင်ငံတော်၏ ယန္တရားများ ဟန်ချက်ညီ လည်ပတ်နိုင်ရန်အတွက် ဝန်ထမ်းများ စွမ်းအားနှင့် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အသိအမြင်ဗဟုသုတများ ကြွယ်ဝသော စွမ်းဆောင်ရည်များ မြင့်မားတိုးတက်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က သင်တန်းအတွက် အလှူငွေကျပ် သုံးသိန်းကို ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းကို နိုဝင်ဘာ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၃)ရက်တာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အမှုထမ်း (၃၀)ဦးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)