မန္တလေး နိုဝင်ဘာ ၂၇
၂၀၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မိုးပေါ်ကျဘုံ ကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၂×၁၄ လမ်းကြားရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အမှူးပြုသော ဆရာတော်ကြီး ၃ ပါး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကထိန်ခင်းကျင်းသည့် ကထိန်ခံကျောင်း(၃၈)ကျောင်းမှ ကထိန်အာနိသင်ရကျောင်းတိုက်ဆရာတော် (၃၈) ပါးကြွရောက်တော်မူ ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရာလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးလုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး တက်ရောက်လာသူများမှ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ထံမှ ငါးပါး သီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်မြတ်ကိုနာယူကြည်ညိုကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ကထိန်ခင်းကျင်းသည့် ကထိန်ခံကျောင်းများမှ ဆရာတော်ကြီးများထံ ကထိန်လျာဉတ်သင်္ကန်းကြီးများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ပါ ပင့်သံဃာ ဆရာတော်ကြီး(၃)ပါးတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ(အဂ္ဂမ ဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ကထိန်အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မိုးပေါ်ကျဘုံကထိန်အလှူတော်၏ လှူဒါန်းမှုစုစုပေါင်း စာရင်းမှာ ကထိန်ခံကျောင်းပေါင်း ၃၈ ကျောင်းအတွက် ဌာနဆိုင်ရာနှင့် အလှူရှင် (၁၀၂) ဦးတို့က စုပေါင်းလှူဒါန်းသည့် ပဒေသာပင် ၈၂ ခု နှင့် စုစုပေါင်းတန်ဖိုး ၄၂၈၂၀၀၀ဝိ/-ကျပ်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)