ကျောက်ဆည်မြို့နယ်တွင် ဆောင်းဆီထွက်သီးနှံစီမံကိန်းအတွက် ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုနှင့် တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ် ချုပ်ဆို

ကျောက်ဆည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများလူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်နိုင်ရန် ဝယ်ယူကြိတ်ခွဲ တင်ပို့သူ၊ သွင်းအားစုနှင့် တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် နိုင်ငံ့စီးပွားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အောင်မြင်စေရေး တောင်သူအစုအဖွဲ့များ၊ သွင်းအားစု အစုအဖွဲ့များ၊ ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချသူ အစုအဖွဲ့များ သိရှိလိုက်နာရမည့် အကြောင်းများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျောက်ဆည်ခရိုင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် နွေစပါး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး နိုင်ငံ့စီးပွား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းထွန်းက စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အရည်အသွေးကောင်းမျိုးစေ့နှင့် သွင်းအားစုများကို အချိန်မီထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧက သီးနှံအထွက်နှုန်း ပိုမိုတိုးတက်ကြောင်း၊ ဈေးနှုန်း/ဈေးကွက်များ ခိုင်မာမှုရှိပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွား ပိုမိုတိုးတက်မည်ဖြစ်ကြောင်း၊ အကျိုးအမြတ်များ ကိုယ်စီရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေကြောင်း၊ ပြည်ပသွင်းကုန်တင်သွင်းမှု လျော့ချနိုင်ပြီး ပြည်တွင်း ထုတ်ကုန်များ ပိုလျှံလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့နယ် နိုင်ငံ့စီးပွားစိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး(၁)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်အောင်က ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစု အစုအဖွဲ့နှင့် တောင်သူအစုအဖွဲ့တို့ ချုပ်ဆိုမည့် သုံးဦးသုံးဖလှယ် အဘောတူစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည့် ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာသီးနှံ များအတွက် စီမံကိန်းစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။        

သက်မောင်(ကျောက်ဆည်)