ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၏ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်

ဒဂုံအရှေ့ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ၏ တိပိဋကဓရ၊ တိပိဋကကောဝိဒ စာမေးပွဲလောကတွင် အအောင်မြင်ဆုံး ကျောင်းတိုက်အဖြစ် ရပ်တည်လျက်ရှိသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၏ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက်၌ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ ရွတ်ဆို၍ စတင်ခဲ့ပြီး ရေစကြိုဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကြွရောက်တော်မူကြသော ဆရာတော်များထံမှ ပရိတ်တရားတော်များနာယူခြင်း၊ ကထိန်မတည်အလှူရှင် ဗီယက်နမ်မိသားစုများနှင့် ဒါယကာ၊ ဒါယိကာမများက ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး တိပိဋကဓရဆရာတော်ကြီးများအား နဝကမ္မ ကျပ်သိန်း ၂၀ စီ ဆက်ကပ်လှူဒါန်းခြင်း၊ ငွေရတု ခြောက်ထပ် တိပိဋကဓမ္မဗိမာန်တော်အတွက် ကျောင်းအလှူအသီးအသီး ထည့်ဝင်လှူဒါန်းခြင်း၊ ဗီယက်နမ်မိသားစုက ကျေးဇူးတင်စကားပြောကြားခြင်း၊ ရေစကြိုဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာတရား နာယူခြင်း၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ ဆဋ္ဌတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ အမှူးပြုသော တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်ကြီးများနှင့် ကျောင်းတိုက်သံဃာတော်များ ကြွရောက်တော်မူကြပြီး ကထိန်မတည်အလှူရှင်ဖြစ်သော Dieu Tam-clb Am Ap Tinh Nguoi Group (Vietnamese) မိသားစုနှင့် အလှူဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)