သာကေတမြို့နယ်ရှိ ၁၀၈-တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်တွင် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သာကေတ နိုဝင်ဘာ ၂၈

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ - တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ဆက်ကပ်မြဲဖြစ်သော ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီက အဆိုပါ စေတီတော်မြတ်၌ ကျင်းပပြုလုပ် ဆက်ကပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ မုနိန္ဒ (ဟင်္သာတအတွင်း ပတ္တမြားစာသင်တိုက်ခွဲ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်မှ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း အကျိုးတရားတော်ကို ဟောကြားတော်မူသည်။ ထို့နောက်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ရွှေ၊ အတွင်းရေးမှူး ဦးခင်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးဆန်းထွန်း၊ ဘဏ္ဍာရေးမှူး ဦးနိုင်မိုး၊ ရုံးအဖွဲ့မှူး ဦးဇော်ထွဋ်၊ အဖွဲ့ဝင် ဦးအုန်းမြင့်နှင့် (၇)ရက်သားသမီးများက ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့သည်။

ထို့နောက် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရာ စေတီတော်ဂေါပကအဖွဲ့မှ ဦးဆောင်၍ အနံ ၂၇ ပေ × အလျား ၅၉ ပေ ရှိ ရွှေကြာသင်္ကန်းအလှူရှင် ကျောက်မြောင်း Mobile Shop နှင့် (၇)  ရက်သားသမီးအလှူရှင်များက ရွှေကြာသင်္ကန်းများကို စေတီတော်အား လကျ်ာရစ်ပူဇော်ကာ စေတီတော်ပရိဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၆၅)ဆူတို့ကို ရွှေကြာသင်္ကန်းအလှူရှင်များကိုယ်တိုင် ရွှေကြာသင်္ကန်းများ အသီးသီး ဆက်ကပ်ခဲ့ကြသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)