တန်ဆောင်မုန်းလပြည့်နေ့တွင် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

မုဒုံ နိုဝင်ဘာ ၂၈

၂၀၂၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် ထူးခြားသည့် လတစ်လဖြစ်သည့်အားလျော်စွာ မြို့နယ်အတွင်း၌ မီးထွန်းပွဲများ၊ ကထိန်သင်္ကန်း အလှူပွဲများ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများနှင့် သာမညဖလအခါတော်နေ့ပွဲတော်တို့ကို ကျင်းပကြကြောင်း၊ မြို့နယ်အတွင်းရှိ အတောင် (၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး၊ ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ ကျိုက်ဇယ်စေတီတော် စသည့် ဘုရားပုထိုးစေတီတော်များတွင် ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်တို့တွင် ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံသာများ ကပ်လှူခြင်းတို့​ဖြင့် လာရောက် ကုသိုလ်ယူကြသည့်အပြင် ကန်ကြီးမင်္ဂလာကန်တော် ကန်ပတ်လမ်းတစ်လျှောက် လာရောက်အပန်းဖြေသူများ၊ ငါးအစာကျွေးသူများနှင့် စတုဒီတာကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)