စစ်တွေ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်ကို ယနေ့နေ့လယ် ၂ ရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော် ကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဘုရားတပည့်တော်များအနေဖြင့် ဝါဆိုကာလ၌ ဝါဆိုသင်္ကန်းများ လှူဒါန်းခြင်း၊ ဝါတွင်းကာလဆွမ်းဆန်စိမ်းများ လောင်းလှူခြင်း၊ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားသော ဘုရားကျောင်းကန်၊ စေတီပုထိုးသာသနိက အဆောက်အဦများကို ပြန်လည်ပြုပြင်နိုင်ရန် လိုအပ်သည့် သွပ်၊ သစ်၊ သံ၊ ဘိလပ်မြေတို့ကို လှူဒါန်းခြင်း၊ ယခုကထိန်ကာလ၌လည်း ကထိန်သင်္ကန်းများနှင့် အခြံအရံလှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းစသော ကာလဒါန၊ ထာဝရဒါန ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက် မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ပစ္စယာနုဂ္ဂဟအားဖြင့် ထောက် ပံ့ပူဇော်လျက်ရှိကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော စုပေါင်းဘုံကထိန်အခမ်းအနား၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်များမှ စုပေါင်းလှူဒါန်းသော ပဒေသာပင် (၄၄) ပင်နှင့် စုစုပေါင်းလှူဒါန်းမှုတန်ဖိုးမှာ (၄၅၆၅၈၅၀၀) ကျပ်တိတိ ဖြစ်ကြောင်း နတ်လူသာဓု ခေါ်ဆိုနိုင်ရန် တင်ပြလျှောက်ထားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော်အား လှူဖွယ်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။ ယင်းနာက် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကျောင်းတိုက်အသီးသီးမှ ဆရာတော်များအား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတုသုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်တွင် စစ်တွေမြို့ပေါ်ရှိ ကထိန်သင်္ကန်း မရရှိသည့် ကျောင်းတိုက် ၃၉ တိုက်မှ ဆရာတော်များအား ပင့်ဖိတ်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများမှ စုပေါင်း၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကထိန်အလှူတော်ပွဲသို့ ကြွရောက်တော်မူကြသော ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား လောကာနန္ဒာစေတီတော် အတွင်း၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုဖူးမြော်ကြသည်။
ဆရာတော်ကြီးများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြပြီး ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး Influenza Vaccine(Vaxigrip Tetra) ထိုးနှံပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)