မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာ​ရေစက်ချခြင်းများ ဆောင်ရွက်

မိုင်းနောင် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၁) နာရီအချိန်က မင်္ဂလာ ရန်အောင်ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းနောင်မြို့အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များက စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းမည့် ကထိန်သင်္ကန်းများ၊ ပဒေသာပင်များကို မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပြီး လှူဒါန်းမှုအစုစုတို့အတွက် တရားနာ ရေစက်ချခြင်းများကို မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃)ကျောင်းမှ သံဃာတော်များနှင့် ရှင်သာမဏေများအား ပင့်ဆောင်ကာ စုစုပေါင်း ကထိန် ပဒေသာပင် (၃၇)ပင် တန်ဖိုးငွေ (၁၉၈)သိန်းကျော်တို့အား မဲဖောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)