နမ့်စန်(တ) နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွက် အုပ်စုခွဲ မဲနှိုက်ရွေးချယ်ခြင်းနှင့် ပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲခြင်းတို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ (၁၅)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ၁ ရက်မှ ၁၂ ရက်နေ့အထိ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲပွဲစဉ်အဖြစ် အထက-ခွဲ (လွယ်ယင်း) အသင်းနှင့် အထက-ခွဲ (၅ရပ်ကွက်) အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
သူရအောင်(နမ့်စန်)