တာလေမြို့၌ (၅၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာလေ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ (၅၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းကို  ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များအား မြို့အဝင်ဆိုင်းဘုတ်မှ တာလေ-မိုင်းလင်းလမ်း၊ ထိုမှတဆင့်  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စီတန်းလှည့်လည်ပူဇော်ပြီး သီရိ ကျေးရွာရှိ ကုက္ကိုခဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့သည်။

ဆက်လက်၍ ကုက္ကိုခဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။ 

ထို့နောက် ငွေသားနှင့် ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅၆)သိန်းကျော်တန်ဖိုးရှိ ပဒေသာပင်(၁၉)ပင်အား တာလေမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၁)ကျောင်းသို့ စာရေးတံမဲချ၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)