မိုင်းတုံ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ဌာနဆိုင်ရာများ၊ အခြေချမိုင်းတုံစစ်ဗျူဟာအဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိုင်းတုံမြို့ပေါ်ရှိ ကုန်သည်ကြီးများအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့လယ်လမ်းမတော်လမ်းအတိုင်း နိဗ္ဗာန်ဈေးရောင်းပွဲတော် ကျင်းပခဲ့သည်။
ပထမဦးစွာ သာသနာတော်သက္ကရာဇ် ၁၃၈၅ ခုနစ်၊ တန်ဆောင်မုန်းလပြည့် ၁၅ ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ ၂၇ ရက်၊ တနင်္လာနေ့ နံနက် ၇နာရီခွဲအချိန်က မြို့လုံးကျွတ်သံဃာ (၉၉) ပါးအား ဆွမ်းဆန်းစိမ်းလောင်းလှူသည့်အခမ်းအနား ပြုလုပ်ပြီးနောက် ၅ နာရီအချိန်တွင် အခြေချမိုင်းတုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးသိန်းဇော်ဝင်း၊ ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးလှအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွဋ်နှင့် မြို့မိမြို့ဖ ဒေါ်နန်းဆမ်စိန် တို့က နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် နိဗ္ဗာန်ဈေးရောင်းသူများမှ စတင်ရောင်းချပေးခဲ့ရာ မိုင်းတုံမြို့နယ်အတွင်းရှိ ပြည်သူများမှ ပျော်ရွှင်စွာ လာရောက်အားပေးကြရာ စည်းကားသိုက်မြိုက်လျက်ရှိသည်။
အဆိုပါနိဗ္ဗာန်ဈေးရောင်းပွဲတော်သည် အရောင်းဆိုင် (၃၀) ဆိုင်ဖြင့် တစ်ဆိုင်လျှင် လူ (၃၀၀) စာဖြင့် စုစုပေါင်းလူဦးရေ (၉၀၀၀) စာကို စားသောက်ဖွယ်အဟာရစုံညီစွာဖြင့် ရောင်းချပေးသည့်အတွက် နိဗ္ဗာန်ဈေးရောင်းပွဲတော်သို့ ရောက်သူတိုင်း စိတ်ချမ်းသာစွာ သုံးဆောင်ကြသည်ကို တွေ့ရှိရသည်။ ယခုကျင်းပခဲ့သည့်နိဗ္ဗာန်ဈေးရောင်းပွဲတော်သည် ဒုတိယအကြိမ်ဖြစ်၍ လာရောက်သုံးဆောင်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့မြင်ရသောကြောင့် ဝမ်းသာပီတိဖြစ်ရသည့်အတွက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို အစဉ်အလာမပျက်ထိန်းသိမ်း၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဌ ဦးသိန်းဇော်ဝင်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)