တာချီလိတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရား စေတီတော်ကြီး၌ ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခြင်းဖြင့် ဘုရားဖူးလာရောက်သူများနှင့် အထူးစည်ကား များပြားလျက်ရှိသည်။
အဆိုပါ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများက ဆီးမီးများ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံပျံလွှတ်တင်ခြင်းများ ဝိုင်းဝန်းကုသိုလ်ပြု ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)အနီးရှိ ရွှေဝါနဒီပန်းခြံရှိ ရေချောင်းအတွင်း လွိုင်ကထုံပွဲတော် (ဆီမီးမျှောပွဲတော်)တွင် မြို့နေဒေသခံတိုင်းရင်းသား ပြည်သူများက ဆုတောင်းဆီမီးမျှောခြင်း၊ ပံ့သကူပစ်ခြင်းများနှင့် ရပ်ကွက်တစ်ချို့တွင် နိဗ္ဗာန်ဈေးပွဲတော် ခင်းကျင်းခြင်းများဖြင့် တန်ဆောင်မုန်းလပြည့်နေ့သည် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား များပြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)