နမ့်စန်(တ) နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် အလှူရှင်များက နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် သုခိတာ ကမ္မဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအာလောက အရှင်သူမြတ်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် အဖွဲ့ဝင်များ ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ကြွရောက်လာသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် သုခိတာကမ္မဌာန်း ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအာလောကက ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းအကျိုး အနုမောဒနာ တရားတော်အား ဟောကြားပေးခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ခြောက်ရာလေးသိန်းကျော် တန်ဖိုးရှိ မြို့နယ်လုံးဆိုင်ရာပဒေသာပင် စုစုပေါင်း (၄၂)ပင်ကို မဲစနစ်ဖြင့် ရွေးချယ်၍ အလှူရှင်များက မိမိတို့ မဲပေါက်သော ဘုန်းကြီးကျောင်းအလိုက် သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)