နေပြည်တော် နိုဝင်ဘာ ၂၇
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်လိုဏ်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာ ရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့် ဘုရားကြီးအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထိုနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယကအဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယကအဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး နှင့်တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)