မိတ္ထီလာမြို့၌ စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်ပွဲများ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် တန်ဆောင်မုန်းလတွင် လှူဒါန်းကျင်းပလေ့ရှိသော စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်ပွဲများကို စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပလျက်ရှိပြီးကြောင်း သိရသည်။

“မိတ္ထီလာမြို့မှာ နေ့စဉ် စုပေါင်းမဟာဘုံကထိန်အလှူတော်လှည့်ပွဲများကို စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပနေပါတယ်။ နှစ်စဉ်တန်ဆာင်မုန်းလမှာ လှူဒါန်းကျင်းပလေ့ရှိတဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်ပွဲတွေထဲမှာ စုပေါင်းမဟာဘုံကထိန် အလှူတော်ဆိုတဲ့အတိုင်း သက်ဆိုင်ရာ စုပေါင်းအလှူရှင်တွေက သူတို့ အစုအဖွဲ့အလိုက် စုပေါင်းပြီး ကထိန်လျှောက်ထားတဲ့ ဘုန်းကြီးကျောင်းတွေကို ကထိန်ပဒေသာပင်တွေသွားရောက်ရေစက်ချ မလှူဒါန်းမီ အများကြည်ညို သဒ္ဓါပွားနိုင်အောင် ကထိန်အလှူတော် လှည့်လည်ပွဲကျင်းပကြတယ်။ ဒီနှစ်က မိတ္ထီလာမှာ စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်လည်ပူဇော်ပွဲတွေက အရင်နှစ်တွေထက် ပိုစည်ကားသိုက်မြိုက်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့တွင် မြို့မဈေးကြီးအတွင်း ဈေးသူဈေးသားများမှ ဈေးဆိုင်ခန်းများဈေးတန်းများအလိုက် အစုအဖွဲ့အလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော်များ ကျင်းပသကဲ့သို့ မြို့တွင်းရှိ ဆိုင်ကယ်ပွဲစားများ ကထိန်အလှူတော်ပွဲ၊ ဆိုင်ကယ်ကယ်ရီဆရာများ အစုအဖွဲ့အလိုက် ကထိန်အလှူတော်ပွဲများ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ကထိန်အလှူတော်ပွဲများ စသည်ဖြင့် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲများကို လှည့်လည်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။

ချမ်းသာ