သင်္ဂါယနာ သာသနာ့သမိုင်း၀င် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်နှင့် သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီတော်တို့၌ မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

ရန်ကုန် နို၀င်ဘာ ၂၇

ဂင်္ဂါ၀ါလု သဲစုမက ပွင့်တော်မူပြီးသော သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မြတ်စွာဘုရားသခင် အဆူဆူတို့အား ရည်မှန်လျက် မြန်မာရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းဖော်ဆောင်သောအားဖြင့် တန်ဆောင်မုန်းလပြည့် အခါသမယ နေ့ထူး၊ နေ့မြတ်တွင် မသိုးရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ရေးအတွက် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်နှင့် သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံ ဆံတော်ရှင်စေတီတော်တို့၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညနေ့ပိုင်းတွင် ယှဥ်ပြိုင်ရက်လုပ်ကြသည်။

သင်္ဂါယနာ သာသနာ့သမိုင်း၀င် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် (၂၃) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၄)နာရီခွဲတွင် အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တာ၀န်ရှိသူများ၊ ဂေါပကအဖွဲ့၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။           ထို့နောက် ၂၃ ကြိမ်မြောက် မသိုးသင်္ကန်း ယှဥ်ပြိုင်ရက်လုပ် ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ၀င် ဦးလှထွန်းက မင်္ဂလာစကား ပြောကြားသည်။   

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င် ဦးလှထွန်းတို့က ရတနာရွှေကြိုးကို ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။        ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က ယှဥ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းစင်တော်များအား ဂုဏ်ပြုငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့၀င်များက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲ၀င်ရက်ကန်းစင်တော်များ ယှဥ်ပြိုင် ရက်လုပ်နေမှုကို လှည့်လည်ကြည့်ရူကြသည်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် သတိစင်တော်၊ ဓမ္မ၀ိစယစင်တော်၊ ၀ီရိယစင်တော်၊ ပီတိစင်တော်၊ ပဿဒ္ဓိစင်တော် သမာဓိစင်တော်၊ ဥပေက္ခာစင်တော်၊ ခုနှစ်စင်တော်ဖြင့် ယှဥ်ပြိုင်ကြပြီး ပထမ ဆုငွေကျပ် ခုနှစ်သိန်း၊ ဒုတိယဆုငွေ ကျပ်ခြောက်သိန်း၊ တတိယဆုငွေကျပ် ငါးသိန်း၊ နှစ်သိမ့်ဆု ငွေကျပ်လေးသိန်းတို့အပြင် ဆုဖလားတစ်လုံးစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။ ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၏ (၃၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၅)နာရီတွင် အဆိုပါ စေတီတော်ရင်ပြင် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောပြီး အလှည့်ကျ သဘာပတိဂေါပကအဖွဲ့၀င် ဒေါက်တာ တင်ထွန်းက စီစဥ်ဆောင်ရွက်ထားရှိမူ အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဧရာ၀တီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းလူနှင့် အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့၀င်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က ယှဥ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းစင်တော်များ အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့၀င် ဒေါက်တာတင်ထွန်းက လက်ခံရယူသည်။

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ပြိုင်ပွဲ၀င်များ၏ မသိုးရွှေကြာသင်္ကန်း ယှဥ်ပြိုင်ရက်လုပ်နေမှုများကို လှည်လည်ကြည့်ရှု အားပေးကြသည်။

ပြိုင်ပွဲတွင် ဒေ၀စ္ဆရာ၊ ၀ဏ္ဏပဘာ၊ သီရိစန္ဒာ၊ ရူပမာလာ၊ ဓာတုကလျာ၊ မဏိမေခလာ၊ ပပ၀တီ၊ ဂေါတမီ၊ မယ်တော်မာယာ၊ ယသော်ဓရာ၊ မြနန်းနွယ်၊ ဗုဒ္ဓ၀ံသရက္ခိတ၊ ခေမာထေရီ၊ ၀ိသာခါ၊ နန္ဒမာလာ၊ စောမွန်လှ၊ ကမ္ဘောဇဌာနီ၊ ရှင်စောပု၊ သုဇာတာ၊ သီတာပပ ရှင်မင်းလှ၊ ပဒုမ္မာ၀တ္တ၊ သင်္ဂီရွှေစင်၊ မဟာလတ္တာရတနာ၊ သုနန္ဒာ၊ ပုပ္ပ၀တီစင်တော် ၂၄ စင်ဖြင့် ယှဥ်ပြိုင်ရက်ခတ်ကြပြီး ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊ တတိယဆုငွေကျပ် ၈  သိန်း၊ နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ်     သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။

အလားတူ သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် (၄၂)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဥ်ပြိုင် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၄)နာရီတွင် ရင်ပြင်တော် စနေ့ထောင့်ရှိ ဗဟိုမင်္ဂလာမဏ္ဍပ်ရှေ့တွင် ကျင်းပရာ သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးတို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ကျိုက္ကစံဆံတော်ရှင်စေတီတော် ဂေါပကအဖွဲ့ သဘာပတိ ဦးကြည်မြင့်က စေတီတော်ကြီးနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာများနှင့် မသိုးသင်္ကန်း ရက်ခတ်ယှဥ်ပြိုင်ပွဲတော် ကျင်းပဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာ၀န်ရှိသူများနှင့် ဂေါပကအဖွဲ့၀င်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရက်ကန်းစင်များ ယှဥ်ပြိုင်ရက်ခတ်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပြိုင်ပွဲတွင် သန္တာစင်တော်၊ ကျောက်စိမ်းစင်တော်၊ ပတ္တမြားစင်တော်၊ နီလာစင်တော်၊ ပုလဲစင်တော် ငါးစင်ဖြင့် ယှဥ်ပြိုင်ကြပြီး ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ကိုးသိန်း၊ တတိယဆုငွေကျပ်  ရှစ်သိန်း၊ စတုတ္တ ဆုငွေကျပ်ခုနှစ် သိန်း၊ ပဥ္စမဆုငွေကျပ် ခြောက် သိန်းပေးအပ်ချီမြှင့်မည်ဖြစ်သည်။

အဆိုပါ စေတီတော်များတွင် ပြိုင်ပွဲ၀င်များမှ ရက်လုပ်ရရှိသည့် မသိုးသင်္ကန်းတော်များကို တန်ဆောင်မုန်း လပြည့်နေ့ နံနက်အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော်ပရ၀ုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)