ချောင်းဆုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား သင်တန်းဖွင့်

ချောင်းဆုံ      အောက်တိုဘာ   ၂၄

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးတို့အား ရွေးကောက်ပွဲဆိုင်ရာ  သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က ကျွန်းသာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမင်းနိုင်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အတွင်းရေးမှူး ဒေါ်ဝင်းသန္တာထွေးက သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များ၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၄) ဦးက သင်တန်း နည်းပြများ အဖြစ်သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။ အဆိုပါ သင်တန်း ပထမနေ့ကို ရပ်/ကျေးအုပ်စု ၂၁ အုပ်စုမှ သင်တန်းသား/သူ (၁၂၀) ဦး တက်ရောက်ခဲ့ပြီး ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးအနေနှင့် သင်တန်းခန်းမ (၁) ခန်းတွင် သင်တန်းသား (၃၀)ဦး နှုန်းဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း ၊ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း ကျန်ရှိသည့် ရပ်/ကျေးအုပ်စု (၂၅) အုပ်စုမှ သင်တန်းသား (၁၂၂) ဦး ကို ဆက်လက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ကေအေ(ချောင်းဆုံ)