ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ (၂၁) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့် မသိုးသင်္ကန်းဆက်ကပ်ပူဇော်ပွဲစည်ကား

ကျိုက်မရော    နိုဝင်ဘာ    ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ် လှူဒါန်းပူဇော်ပွဲကြီးကို တန်ဆောင်မုန်းလဆန်း (၁၄) ရက် ည ၆ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါမသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ပူဇော်ပွဲကိုနှစ်စဥ် မြန်မာလူမျိးတို့၏ ဘာသာတရား ကိုင်းရှိုင်းမှု၊ ယဥ်ကျေးသိမ်မွေ့မှုနှင့် စေတနာ သဒ္ဒါတရားထက်သန်မှုတို့ကို ဖော်ညွှန်းပြသသည့် ပွဲတော်အဖြစ်ရိုးရာမပြတ် နှစ်စဥ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၁) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပြီး မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝါရီန္ဒ ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ရပ်ဝေးရပ်နီးမှ တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် မုဒုံမြို့နယ်မှ ရက်ကန်းစင်(၅)စင်ဖြင့် ရက်ကန်းသမများက ညလုံးပေါက် ပြိုင်အဆိုင်ရက်ခတ်ကာ တန်ဆောင်မုန်းလပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြရာ လာရောက်ပူဇော်သူ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မိချို (ပြန်/ဆက်)