သထုံရွှေစာရံစေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သထုံ      နိုဝင်ဘာ      ၂၇

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ မြို့လုံးကျွတ် တန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့) နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

တန်ဆောင်မုန်းလပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်နှင့် သီလရှင်များအား အလှူရှင်အဖွဲ့အသီးသီးတို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ဆွမ်းကြီးလောင်းပွဲတော်တွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ကြကာ စေတီတော်မြတ်၏ နာယကဆရာတော်ကြီး ၉ ပါးဦးဆောင်သည့် သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၄၇) ‌ကျောင်းနှင့် သီလရှင်ကျောင်း(၈၅)ကျောင်းတို့မှ သံဃာတော်နှင့်သီလရှင် စုစုပေါင်း(၁၁၈၉)ပါးတို့အား သထုံမြို့နယ်အတွင်းရှိ ပြည်သူအပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါစေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပပြုလုပ်မြဲဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပွဲတော်ကျင်းပမှုအား သုံးနှစ်ခန့်ရပ်နားထားခဲ့ရာ ယခုနှစ်မှပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်