သုံးခွမြို့နယ် ထုံးကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

သုံးခွ နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ (နိုင်ငံတော်ထောက်ပံ့ငွေ) ကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေ (၅၄၉၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၀၄၉၀၀၀၀)ကျပ်ဖြင့် ထုံးကြီး ကျေးရွာ တွင်း ကွန်ကရစ်လမ်း (၁၀၅၀'×၈'×၆”) ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်သို့  သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ခံအင်ဂျင်နီယာ အဖွဲ့တို့က ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်‌ဆေးကြည့်ရှုခဲ့ပြီး လမ်းအားအရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ရက် ပြီးစီး‌စေရေး၊ စေတနာထားအလေးထား ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များအား လမ်းရေရှည်တည်တံ့အောင် ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၄၉၄)မှ လူဦးရေ (၁၁၆၁)တို့  ရာသီမရွေးအဆင်‌ပြေစွာ သွားလာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရ သည်။

စည်သူလင်း ပြန်/ဆက်