မော်လမြိုင် နိုဝင်ဘာ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများ တတ်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စနစ်သစ်ပညာရေးရဲ့ သင်ရိုးညွှန်တမ်းများ၊ သင်ကြားသင်ယူမှု နည်းစနစ်များ ပြင်ဆင်ပြောင်းလဲ တိုးတက်လာသည်နှင့် အညီ ကလေးများ၏ ဘာသာရပ်ပိုင်းဆိုင်ရာ လေ့လာသင်ယူမှု အရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင်လာစေရန် ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရန် ကလေးများ၏ ဗလငါးတန် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ပညာရပ်များဆိုင်ရာ လေ့လာသင်ယူမှု မြင့်မားစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက် နေတဲ့ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြစေရန် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး၊ ဒေါ်နန့်စယ်လီလှိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားလေးများ၏ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)