မိုင်းပန်မြို့နယ်၌ မဲရုံသရုပ်ပြသခြင်းနှင့် ဆန္ဒမဲလက်မှတ်များစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်

မိုင်းပန် အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်၊ စဝ်ကောလီခန်းမ၌ ယနေ့ နံနက်(၈) နာရီအချိန်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသရုပ်ပြသခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြမည့် သူများအနေဖြင့် မဲပေးခြင်းလုပ်ငန်း သရုပ်ပြသခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဟန်ဌေးနှင့် အဖွဲ့ဝင်များမှ ရှင်းလင်း သရုပ်ပြခဲ့ကြသည်။

ဆက်လက်၍ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်များမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ကိုယ်အပူချိန် တိုင်းတာခြင်း၊ Social Distinction အရ စနစ်တကျ စီတန်းခြင်း လုပ်ငန်းစဉ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်ခိုင်တို့မှ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့သည်။

ထိုနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ ဆန္ဒမဲများအား အရေအတွက် မှန်ကန်တိကျ စေရန်အတွက် စုပေါင်းရေတွက်ခဲ့ကြကြောင်းနှင့် မဲရုံသို့ သယ်ဆောင်ရာတွင် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် သံသေတ္တာတွင်း ထည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့ တို့တွင် တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ ပို့ဆောင်အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းမြင့်(မိုင်းပန်)