မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်တွင်  (၅၃) ကြိမ်မြောက် မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းနားနှင့် ပြိုင်ရက်ပူဇော်ပွဲ ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက်အတွင်းရှိ နဂါးရုံမဟာဗောဓိစေတီတော်တွင် (၅၃) ကြိမ်မြောက် မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ရက်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော်၏ ပညာဓိကတန်ဆောင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲ ဖွင့်အခမ်းအနားကို ကျင်းပရာ ပြိုင်ရက်ပူဇော်ပွဲအား သဒ္ဓမ္မဝံသာရုံပါဠိတက္ကသိုလ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓနနာယကဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေး ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိုင်ဝင်းကျော်နှင့် နဂါးရုံမဟာဗောဓိစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထိုက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ညောင်ပင်လျှို၊ ကတ္တူကန်၊ ကျောက်ပုံ ၊ သရက်တန်းနှင့် ရွာသစ်ကျေးရွာတို့မှ ပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့များက  မယ်ဟေမာ၊ ဂေါတမီ၊ ဝိသာခါ၊ မယ်ယသော်၊ သာမာဝတီ  ယက္ကန်းစင် ငါးစင်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။  နဂါးရုံမဟာဗောဓိစေတီတော် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲ ဆိုပေမယ့် ပြိုင်ပွဲသဘော မျိုးမဟုတ်တော့ဘဲ ပြိုင်ရက်ပူဇော်တဲ့သဘော ကျင်းပပြုလုပ်တာပါ။ နှစ်စဉ် ပြိုင်ရက်ပူဇော်နေကျ ကျေးရွာများက ရက်ကန်းအဖွဲ့တွေအားလုံး နှစ်စဉ် မပျက်မကွက် လာရောက်ပြိုင်ရက်ပူဇော်ကြပါတယ်ဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့မှ ဦးလှကြီးမောင်က ပြောသည်။

အဆိုပါ မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲမှ ရရှိခဲ့သော မသိုးသင်္ကန်းများကို သင်္ကန်းတော် မီးကင် ပူဇော်ခြင်း၊ ဝိနည်းတော်နှင့်အညီ သင်္ကန်းချုပ်လုပ်ပူဇော်ခြင်း၊ ရွှေကြာပန်းများဖြင့် အလှဆင် ဆက်ကပ်ပူဇော်ခြင်းများ အဆင့်ဆင့်ပြုလုပ်ပြီး နောက်နဂါးရုံမဟာဗောဓိစေတီတော်တွင် အပူဇော်ခံ ထားရှိသော ဗုဒ္ဓရုပ်ပွားတော်များအား တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် အရုဏ်အချိန်တွင် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်းသိ ရသည်။

ချမ်းသာ