မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံ လုံခြုံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံလုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး၊ မဲရုံလုံခြုံရေး၊ ကြိုတင်မဲလက်မှတ်များ လုံခြုံစွာထိန်းသိမ်းထားရှိရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဗညားဝင်းက ရွေးကောက်ပွဲကာလ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးလှိုင်၊ မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းတို့က မဲရုံလုံခြုံရေး၊ မဲလက်မှတ်လုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ခရိုင်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တန်းဖွင့်လှစ် ပို့ချရန်စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က မဲလက်မှတ်များလုံခြုံစိတ်ချစွာ သယ်ယူပို့ ဆောင်နိုင်ရေးနှင့် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)