ကျိုက္ခမီမြို့၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အထူးကုဆရာဝန်ကြီးများမှ အခမဲ့ကွင်းဆင်းဆေးကုသ‌နေမှုအား ကြည့်ရှုအားပေး

သံဖြူဇရပ် နိုဝင်ဘာ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကုသရေးဦးစီးဌာန၏ မူဝါဒဖြစ်သည့် “ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်”နှင့် ရည်မှန်းချက် ၃ ခု အနက် “ကျန်းမာရေးစောင့်ရှောက်မှုအခြေ အနေလွှမ်းခြုံမှုတိုးတက်ရေး” အရ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ပြည်သူ့ကျန်မာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များအဖွဲ့က ယမန်နေ့ နံနက်  ၉ နာရီအချိန်မှစတင်၍ ကျိုက္ခမီမြို့  ဓမ္မစေတီရပ်ကွက်ရှိ သီရိဇေယျာခန်းမတွင် ပြည်သူများအား အခမဲ့ကွင်းဆင်း၍ ဆေးကုသနေမှုအား ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။  

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို မွန်ပြည်နယ် ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦး ဦးစီး၍ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အမျိုးသမီး ကလေးဆေးရုံမှ ဆေးရုံအုပ်၊ မော်လမြိုင်မြို့ ခုတင်(၅၀၀)ဆံအထူးကု ဆရာဝန်ကြီး (၉)ဦးတို့မှ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ၊ ခွဲစိတ်ပညာဆိုင်ရာ၊ အကြော အဆစ်ပြန်လည်သန်စွမ်းရေးဆိုင်ရာ၊ မျက်စိပညာဆိုင်ရာ၊  နား၊  နှာခေါင်း၊ လည်ချောင်း၊ ဦးနှောက်နှင့် လည်ပင်းပညာဆိုင်ရာ၊ သွားနှင့် ခံတွင်းပညာဆိုင်ရာ၊ အရေပြား ပညာဆိုင်ရာ၊ သားဖွားမီးယပ်၊ ကလေးဆေးပညာ ဆိုင်ရာ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆေးကုသ‌ရာသို့ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ပေါ်နှင့် ကျေးလက်နေပြည်သူများမှ လာရောက်ပြသခဲ့ကြပြီး ယနေ့တွင် စုစုပေါင်းလူနာ(၄၉၇)ဦးကို ကြည့်ရှုကုသပေးခဲ့ပြီး လွှဲပြောင်းကုသရမည့်လူနာများအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဥ်ခဲ့ကြောင်းနှင့် အထူးကု ဆရာဝန်ကြီးများထံသို့ လာရောက်ပြသ ကုသမှုခံယူကြသော လူနာများကို မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး များဖြစ်သည့် လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လာရောက်ကြည့်ရှု အားပေးပြီး အထူးကု ဆရာဝန်ကြီးများကို မွန်ပြည်နယ် ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကွင်းဆင်း၍ ဆေးကုသမှုများကို ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ဆေးကုသမှု အစီအစဥ်ကို မော်လမြိုင် မြို့နယ်နှင့် ပေါင် မြို့နယ်(၂)မြို့နယ်တို့တွင် ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသောမြို့နယ် များကိုလည်း (၃)လလျှင်တစ်ကြိမ် ဆက်လက်၍ လှည့်လည် ဆေးကုသဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။ ဆက်လက်၍  အခမဲ့ကွင်းဆင်းဆေးကုသ ဆောင်ရွက်မှုအပြီးတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ကျန်းမာရေး အသိပညာပေးခြင်းကို သံဖြူဇရပ်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါတ်တာမင်းသန့်ဇင်က ဟောပြောခဲ့ကြောင်းလည်း သိရသည်။