ပူတာအိုခရိုင်၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များကို မြို့တွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်

ပူတာအို  နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ လှည့်လည်ခြင်းများကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့တွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။

မဟာဘုံကထိန် ပဒေသာပင် လှည့်လည်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက စုရပ်ဖြစ်သည့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ဟိုခိုရပ်ကွက်၊ အောက်ချိုင့်လမ်းဆုံ၊ ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံမှ မြို့မရပ်ကွက် ဆေးရုံလမ်းဆုံ၊ မြို့မရပ်ကွက် ဆေးရုံလမ်းဆုံမှ ကောင်ကထောင်ရပ်ကွက် အ.ထ.က(ပူတာအို) ကျောင်းလမ်းဆုံ၊ ကောင်ကထောင်ရပ်ကွက် အ.ထ.က(ပူတာအို) ကျောင်းလမ်းဆုံမှ မြို့မရပ်ကွက် ပြန်/ဆက်လမ်းဆုံ၊ မြို့မရပ်ကွက် ပြန်/ဆက်လမ်းဆုံမှ တောင်တန်းသာသနာပြုကျောင်းတိုက်သို့ လှည့်လည်ပို့ဆောင်ခဲ့ကြသည်။

အဆိုပါ မဟာဘုံကထိန်လှည့်လည်ရာတွင် မော်တော်ယာဉ်နှင့် သုံးဘီများဖြင့် ပဒေသာပင်များကိုတင် ဆောင်ကာ လှည့်လည်ခဲ့ကြခြင်းဖြစ်ပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပဒေသာပင် စုစုပေါင်း (၂၇) ပင်နှင့် ပစ္စည်းနှင့်အလှူငွေ စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း (၁၅၆,၂၆၀၀၀) ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)