မော်လမြိုင် နိုဝင်ဘာ ၂၆
မွန်ပြည်နယ်၊ ၂ဝ၂၃ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူရှိသူများ တက်ရောက်၍ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အသက် (၁၈) နှစ်အောက် အမျိုးသား ကျိုက်မရောမြို့နယ် ဘော်လီဘောအသင်းနှင့် သံဖြူဇရပ်မြို့နယ် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာဘော်လီဘောလူမှုရေးအသင်းသို့ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘော်လီဘောအသင်း တာဝန်ရှိသူများက ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင်လူကြီးများ၊ ပြိုင်ပွဲအစအဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မွန်ပြည်နယ် ဘော်လီဘောလူမှုရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသက် (၁၈) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ၊ ပွဲစဉ်အလိုက် အကောင်းဆုံး အားကစားသမားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ပွဲစဉ်အလိုက် အကောင်းဆုံး အားကစားသမားဆုများအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထဆုရှိသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြိုင်ပွဲဝင် ဘော်လီဘော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)