မော်လမြိုင်မြို့၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းပြုလုပ်

မော်လမြိုင် နိုဝင်ဘာ ၂၅

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်​နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းမာလာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စကားဝိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးစိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက် ကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက Moderator အဖြစ်ဆောင်ရွက်၍ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း Grade-9နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်ကောင်းခန့်အောင်က လူငယ်နှင့်စာပေ၊ မဆုလှိုင်ချိုက လူငယ်နှင့် ကျန်းမာရေး၊ မ​အေးသဒ္ဒါဖြိုးက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မသီသီဟံက လူငယ်နှင့်စည်းကမ်း၊ မကြယ်စင်လင်းက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်ေအာင်ကျော်မင်းက လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)