မွန်​​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်မော်လမြိုင်မြို့တွင် ၂ဝ၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ INGOs ၊ NGOs များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း  ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေစသည့် ထိခိုက်လွယ် အုပ်စုများအ​ပေါ် အကြမ်းဖက်မှုများ မဖြစ်ပွား​စေ​ရေး အထူးအ​လေးထား ​ဆောင်ရွက်လျက်ရှိ​ပါကြောင်း၊ မွန်ပြည်နယ်အ​နေဖြင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များကိုသာမက ကျား၊ မ အခြေပြုအကြမ်းဖက်မှုကိစ္စရပ်များကိုပါ ပူးပေါင်းဖြေရှင်းဆောင်ရွက်​ပေးလျက်ရှိသလို အမျိုးသမီးကော်မတီများ အဆင့်ဆင့်မှလည်း  အမျိုးသမီးများအ​ပေါ် နည်းလမ်း​မျိုးစုံဖြင့် ခွဲခြားမှု ပ​ပျောက်​စေ​ရေး၊ ဥပ​ဒေ​ကြောင်းအရ ပိုမိုအကာအကွယ်​ပေးနိုင်​ရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ​ဦးစား​ပေးဆောင်ရွက်​ပေးကြရမည်ဖြစ်​ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရန်နှင့်တုံ့ပြန်မှုများ​ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင်  မူဝါဒများချမှတ်​ဆောင်ရွက်ခြင်း၊ သု​တေသနပြုခြင်း၊ စစ်တမ်း​ကောက်ယူခြင်းလုပ်ငန်းများကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးများအ​ပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတွေ အဆုံးသတ်​စေ​ရေး အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Video Clipအားပြသနေမှုကိုလည်းကောင်း၊ မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျာင်းသား/သူများက Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်နေမှုကိုကြည့်ရှု​အားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခန်းမအတွင်း ခင်းကျင်းပြထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)