သထုံခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

သထုံ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ ဒဿမအကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပရိယတ္တိသဒ္ဓမ္မလင်္ကာရ ဟိတကာရီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးက စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေး‌ဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။

ဆက်လက်၍ ယခုနှစ်ကထိန်ခင်းရန်အလှည့်ကျသည့် ဂေါ့ဝန္ဒာမိတောင်ထိပ်ကျောင်းတိုက် ဆရာတော်ထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက ကထိန်လျာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်း‌ပေးပြီး သထုံတပ်နယ်မှူးဗိုလ်မှူးကြီး အောင်အောင်ဟိန်းက ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများစုပေါင်းလှူဒါန်းသည့် ပင်မပဒေသာပင်ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူတို့က ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်များကို ဆက်ကပ်လှူဒါန်းကာ ငွေကျပ် ၉၃၈၀၄၀၀ တန်ဖိုးရှိ ပဒေသာပင်များကို ကျောင်းစဉ်အလိုက် စာရေးတံမဲဖောက် လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)