သထုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိခင်နှင့် ၅ နှစ်အောက်ကလေး သေဆုံးမှုကျဆင်းရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယမန်နေ့၊ နံနက်ကနောင်ကုလားကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ကွင်းဆင်းပြုလုပ်ခဲ့ကြသည်။
အသိပညာပေး ဟောပြောရာတွင် သထုံခရိုင်၊ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က မိခင်နှင့်ကလေးများ သေဆုံးမှုလျော့ကျရေး ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်မိခင်ကလေးကျောင်းကျန်းမာ အာဟာရဦးစီးဌာနမှူး ဦးအောင်မင်းသူက မိခင်နှင့်ကလေး သေဆုံးမှုလျော့ချရေးနှင့် ဖြည့်စွက်စာ ကျွေးခြင်းဆိုင်ရာသိကောင်းစရာတို့ကို ဟောပြောဆွေးနွေးရာ တက်ရောက် လာသူတို့က သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်နှင့် ၅ နှစ်အောက်ကလေးများ ပြည်သူများအား အခမဲ့ကျန်းမာရေးစစ်ဆေးကု သပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)