မာန်အောင် နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ် မာန်အောင်မြို့ အ-ထ-က(ခွဲ)စျေးတန်းကျောင်း၌ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့မကျောင်းကြီးဆရာတော်ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မူသော သံဃာတော်(၅)ပါးက ပရိတ်တရားတော်မြတ်ကို ချီးမြှင့်ကြပြီး အ-ထ-က(ခွဲ)စျေးတန်းကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာပန်းမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တစန္ဒထံမှ ကထိန်တရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုများအားရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)