ကျိုင်းတုံ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့လုံးကျွတ် (၅၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဧည့်ပရိတ်သတ်များက သံသရာအေးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဧည့်ပရိတ်သတ်များက သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းဝေပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)/ခရိုင်/မြို့နယ်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများနှင့် အလှူရှင်များ ပါဝင်သည့် ကျိုင်းတုံမြို့လုံးကျွတ် (၅၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် ၁၁၆ ခု ကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ မဲချ လှူဒါန်းပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)