မုဒုံမြို့နယ်တွင် ကျွဲကောပင်စီးပွားဖြစ်စိုက်ပျိုးသူများလာပြီး စျေးကောင်းရရှိ

မုဒုံ      နိုဝင်ဘာ     ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝရာသီဥတုနှင့် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျွဲကောပင်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများ၏ ဥယျာဥ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ အပိုဝင်ငွေများရရှိကာ စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း သိရသည်။

ကျွဲကောပင်များကို ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၅၀၀၀ ခန့်ဖြင့် စိုက်ပျိုးသူများက သီးနှံပျိုးပင်ပျိုးထောင်ရောင်းချသူများထံမှဝယ်ယူ၍ ပြန်လည်စိုက်ပျိုးခြင်းနှင့်  တောင်သူများကိုယ်တိုင် ကိုင်းဆက်ကိုင်းကူးနည်းများပြုလုပ်၍လည်း စိုက်ပျိုးကြသည်။ ကျွဲကောပင်များကို စိုက်ပျိုးပြီး ခြောက်နှစ်ခန့်အကြာတွင် အသီးလှိုင်လှိုင်ထွက်ရှိကြောင်း၊ ကျွဲကောပင်အပင် ၂၀ ခန့်စိုက်ပျိုးရုံဖြင့် တစ်နှစ်ဝင်ငွေကျပ်သိန်း ၃၀ ကျော်ရရှိနိုင်ကြောင်း၊ မြေသြဇာများထည့်သွင်းပြီး နွေရာသီတွင်ရေသွင်း၍ စနစ်တကျပြုစုပျိုးထောင်ရကြောင်း မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ကျွဲကောပင်စိုက်တောင်သူတစ်ဦးထံ သိရသည်။ ကျွဲကောသီးများကို မုဒုံမြို့နယ်တွင် အနီ၊ အဖြူနှစ်မျိုးလုံးကို အများဆုံးစိုက်ပျိုးကြပြီး စျေးကွက်တွင်အသီးအရွယ်အစားအလိုက် တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၄၀၀၀ ခန့်အထိ ရောင်းချလျက်ရှိသည်။

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံနှင့် ရော်ဘာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသည့် ပြည်နယ်ဖြစ်သည့်အတွက် ပြည်နယ်အတွင်း ကျွဲကောပင်စိုက်မြေ ဧက ၃၃၀၀ ကျော်ရှိရာ တစ်ဧကလျှင် ကျွဲကောသီးအလုံးရေ ၄၈၀၀ ကျော်ထွက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကိန်းဂဏန်းအရသိရှိရပြီး အကျိုးအမြတ်များသည့် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)