ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ်အတွင်း အမောက်ဝဲကျေးရွာ၊ ဂွေ့တန်းရှည် ကျေးရွာနှင့် စံချောင်းကျေးရွာတို့ရှိ အိမ်ထောင်စုတစ်ရာတို့အား ကိုဗစ်-၁၉ရောဂါကာလ အခြေခံပစ္စည်းငါး မျိုးဖြန့်ဝေလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ We Love Htantabin လူထုအခြေပြုပရဟိတအဖွဲ့မှ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ဖြန့်ဝေလှူဒါန်းရာတွင်လည်း We Love Yangon မှ လှူဒါန်းထားရှိသည့် အခြေခံပစ္စည်းငါးမျိုး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာဘူးနှင့်အအေးဘူးတို့ကို ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာများတွင် အခြေခံစားသောက်ကုန်များ အမှန်တကယ်လိုအပ်နေသည့် အိမ်ထောင်စုများ လက် ဝယ်အရောက် We Love Htantabin အဖွဲ့မှ ပြန်လည်၍ ထောက်ပံ့ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာနေအိမ်ထောင်စုတစ်စုလျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်ထုပ်(၃၀)၊ ငါး သေတ္တာ(၅)ဘူးနှင့် Royal-D အချိုရည်(၂)ဘူးတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အခြေခံပစ္စည်းငါးမျိုးဖြန့်ဝေ လှူဒါန်းမှုများ ဆောင်ရွက်ရာတွင် We Love Htantabin နာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ ဥက္ကဋ္ဌ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်နှင့် We Love Htantabin အဖွဲ့ဝင်များက အမောက်ဝဲကျေးရွာရှိ အိမ်ထောင်စု (၄၀)၊ ဂွေ့တန်း ရှည်ကျေးရွာရှိ အိမ်ထောင်စု(၃၀)နှင့် စံချောင်းကျေးရွာရှိ အိမ်ထောင်စု(၃၀)တို့ထံသို့ အခြေခံပစ္စည်း ငါးမျိုးတို့ကိုဖြန့်ဝေ လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)